နှလုံးရောဂါရှိနေပြီဆိုတာ သိနိုင်မယ့် အရေပြားပြဿနာများ
နှလုံးရောဂါရှိမရှိကို ရင်ဘတ်အောင့်တာ၊ မောတာ၊ အသက်ရှူကြပ်တာ စတဲ့လက္ခဏာတွေကို ကြည့်ပြီး ပြောလေ့ရှိတယ်နော်။ အဲဒီလိုပဲ အရေပြားကို ကြည့်ခြင်းအားဖြင့် နှလုံးရောဂါရှိနေတာကို သိနိုင်တယ်ဆိုတာရော ကြားဖူးကြလား။
မကြားဖူးလည်း ကိစ္စမရှိပါဘူး။ နှလုံးရောဂါ ရှိနေပြီဆိုတာကို သိနိုင်တဲ့ အရေပြားပြဿနာတွေအကြောင်းကို အခုပြောပြပေးသွားမှာမို့ ဆက်ဖတ်လိုက်ကြရအောင်နော်။
(1) ခြေထောက်တွေ ဖောရောင်နေတာ
နှလုံးရောဂါတွေမှာ ခန္ဓာကိုယ်ထဲမှာ အရည်တွေ စုနေတဲ့လက္ခဏာတစ်ခုက oedema လို့ခေါ်တဲ့ ခြေထောက်တွေ ဖောရောင်နေတာပါ။ ကမ္ဘာမြေရဲ့ဆွဲအားကြောင့် အရည်တွေဟာ ခြေထောက်မှာ လာစုနေတတ်ပြီး ခြေချင်းဝတ်နဲ့ ခြေထောက်တွေ (တချို့မှာ ခြေသလုံးတွေထိ) ရောင်ရမ်းနေတာ၊ ရောင်တဲ့နေရာကို ဖိနှိပ်လိုက်ရင် နစ်ဝင်သွားတာဆိုရင် နှလုံးကို အမြန်ဆုံး စစ်ဆေးသင့်ပါပြီ။
(2) ခြေလက်နဲ့ နှုတ်ခမ်းတွေ ပြာနေတာ
အရမ်းအေးတဲ့ ရာသီဥတုတွေမှာ တခါတရံ အသားအရေက ပြာနေတတ်ပါတယ်။ ဒါပေမယ့် နွေးနွေးထွေးထွေးနေလိုက်ရင် ပြန်ရဲသွားမှာပါ။ နှလုံးရောဂါရှိနေရင်တော့ ခြေလက်နဲ့ နှုတ်ခမ်းတွေ၊ လက်သည်းခြေသည်းတွေ ပြာနေတတ်တာက သွေးလှည့်ပတ်မှုမကောင်းတဲ့အတွက် သွေးကြောတွေပိတ်ကာ အောက်ဆီဂျင်ကောင်းစွာမရလို့ ဖြစ်ပါတယ်။
(3) ပိုက်ကွန်ပုံစံ အပြာရောင် သို့မဟုတ် ခရမ်းရောင် အကွက်တွေ ဖြစ်တာ
သွေးတွင်းကိုလက်စထရော များပြီး သွေးကြောတွေ ပိတ်သွားတဲ့အခါ အရေပြားပေါ်မှာ ပိုက်ကွန်ပုံသဏ္ဍာန် အပြာရောင် သို့မဟုတ် ခရမ်းရောင် အကွက်တွေ ပေါ်လာတတ်ပြီး အချိန်မီကုသမှု မခံယူရင် သွေးမလျှောက်တော့ဘဲ တစ်ရှူးဆဲလ်တွေ သေသွားတာ၊ ကိုယ်အင်္ဂါတွေ ထိခိုက်တာ ဖြစ်နိုင်ပါတယ်။
(4) အရည်ကြည်ဖုပုံစံ အဆီခဲတွေ ဖြစ်တာ
Nodules of Systemic Amyloidosis လို့ခေါ်တဲ့ အရည်ကြည်ဖုပုံစံ အဆီခဲတွေဟာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ပေါ်လာတတ်ပြီး ပရိုတင်းဓာတ်တွေ စုပုံနေတဲ့ လက္ခဏာတစ်ခုပါ။ ပရိုတင်းဓာတ်တွေက နှလုံးမှာပါ စုပုံနေရင် နှလုံးက ကောင်းစွာအလုပ်မလုပ်နိုင်တော့ပါဘူး။
(5) အရေပြားပေါ်က အဆီဖုအစုအဝေးလိုက် ပေါ်လာတာ
Molluscum Contagiosum လို့ခေါ်တဲ့ အဆီဖုအစုအဝေးဟာ ဝက်ခြံလိုလို ကြွက်နို့လိုလို ပုံစံရှိပြီး Triglycerides လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စထရောတွေ စုပုံလာတာကြောင့် ဖြစ်တာပါ။ ဒါဆိုရင်တော့ ကိုလက်စထရောတွေ လျော့အောင်လုပ်ဖို့ လိုအပ်နေပါပြီ။
(6) Xanthelasma လို့ခေါ်တဲ့ အဝါရောင် အဆီဖတ်တွေ
Xanthelasma လို့ခေါ်တဲ့ အဝါရောင်အဆီဖတ်တွေကလည်း ခန္ဓာကိုယ်မှာ ကိုလက်စထရောအဆီတွေ များနေတဲ့ လက္ခဏာဖြစ်ပြီး အထူးသဖြင့် မျက်လုံးထောင့်စွန်းတွေနဲ့ လက်ဖဝါးမှာ တွေ့ရတတ်ပါတယ်။
(7) လက်သည်းခုံးပြီး လက်ထိပ်တွေက တင်းပုတ်ပုံစံ ဖြစ်လာတာ
လက်သည်းတွေက ခုံးလာပြီး လက်ထိပ်တွေက တင်းပုတ်ပုံသဏ္ဍာန် ဖြစ်လာတာမျိုးကို နှလုံးရောဂါနဲ့ အဆုတ်ရောဂါတွေမှာ တွေ့ရတတ်တာမို့ ထိုလက်ပုံစံရှိလာရင် နှလုံးနဲ့အဆုတ်ကို စစ်ဆေးသင့်ပါတယ်။
(8) လက်သည်းခွံအောက်မှာ အနီရောင် သို့မဟုတ် ခရမ်းရောင် အစင်းတွေ ဖြစ်တာ
လက်သည်းခွံအောက်က အနီရောင်၊ ခရမ်းရောင်း အစင်းတွေက နှလုံးရောဂါရဲ့ လက္ခဏာ ဖြစ်နိုင်ပြီး Splinter Haemorrhage လို့ ခေါ်ပါတယ်။
(9) လက်ထိပ်ခြေထိပ်တွေမှာ အဖုလေးတွေဖြစ်ပြီး နာနေတာ
Infective endocarditis လို့ခေါ်တဲ့ ရောဂါပိုးဝင်ပြီး နှလုံးရောင်တဲ့ ရောဂါမှာ လက်ထိပ်ခြေထိပ်မှာ အဖုလေးတွေ ဖြစ်လာပြီး ရက်သတ္တပတ်လောက် ကြာတဲ့အထိ နာနေတတ်ပါတယ်။
အခုပြောပြခဲ့တာတွေက အရေပြားကို ကြည့်ပြီး မိမိမှာ နှလုံးရောဂါ ရှိမရှိ ခန့်မှန်းနိုင်မယ့် လက္ခဏာတွေပါ။ နှလုံးဟာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုမို့ မပေါ့ဆသင့်ပါဘူး။ သံသယဖြစ်စရာ လက္ခဏာတွေ ရှိခဲ့ရင် စစ်ဆေးပြီး အချိန်မီကုသမှု ခံယူသင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်